"လေးအိမ်စု မင်္ဂလာစာကြည့်တိုက်မှကျင်းပပြုလုပ်သော ဇွန်လ ( ၅ )ရက်နေ့တွင် ကျရောက်မည့် သဘာ၀ပတ်၀န်းကျင်အထိမ်းအမှတ်နေ့ဆောင်းပါးပြိုင်ပွဲ " တတိယဆုရ

"လေးအိမ်စု မင်္ဂလာစာကြည့်တိုက်မှကျင်းပပြုလုပ်သော ဇွန်လ ( ၅ )ရက်နေ့တွင် ကျရောက်မည့် သဘာ၀ပတ်၀န်းကျင်အထိမ်းအမှတ်နေ့ဆောင်းပါးပြိုင်ပွဲ " တတိယဆုရ

 "ကတညုတာမင်္ဂလာမို့ စွမ်းနိုင်သမျှဆောင်ရွက်စို့”


 ကျွန်တော်တို့ကို အသက်ရှင်သန်ရပ်တည်နိုင်အောင် နေထိုင်ခွင့်ပြုခဲ့သည့် ကမ္ဘာကြီးကို ကျေးဇူးတင်သည်။ ချစ်လည်းချစ်မြတ်နိုးသည်။ ကမ္ဘာကြီး သက်တမ်းစေ့ တည်မြဲနိုင်ပါစေဟုလည်း ဆန္ဒပြုပါသည်။ 

ကမ္ဘာမြေပေါ်၌ နေထိုင်ရန် ရောက်ရှိလာကြသည့် လူဦရေမှာ များသထက်များလာခဲ့လေပြီ။ ထိုများပြားလာသည့်လူသားတို့၏ အစားအသောက်နှင့် အသုံးအဆောင်များ အဆမတန်ထုတ်လုပ်လာရမှုကြောင့် သဘာဝပတ်ဝန်းကျင်းများ တစ်စတစ်စထိခိုက်လာရသည်။ ထို့အပြင် လူသားတို့၏ လောဘအားကြီးမှု၊ အသိဥာဏ်ပညာနည်းပါးမှု၊ မဆင်မခြင် လွန်ကျူးမှုတွေကြောင့်လည်း ကမ္ဘာကြီးသည် တဖြေးဖြေး ဟန်ချက်ပျက်၍ မကျန်းမမာဖြစ်လာရသည်။ ဤကမ္ဘာကြီးကို မှီခိုနေထိုင်လျှက်ရှိကြသည့် သက်ရှိမျိုးနွယ်စုများစွာ ရှိသည့်အနက် ကမ္ဘာမြေကြီးကို ယိုယွင်းပျက်စီးအောင် လူသားတွေကပဲ ပြုလုပ်နိုင်ကြပြီး ကောင်းအောင်ပြန်လည်တည်ဆောက်ဖို့ဆိုလျှင်လည်း လူသားတွေကသာ ပြုလုပ်ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်သည်။

ကမ္ဘာကြီးပူနွေးလာမှု၊ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းလာမှုတွေကို မကြည့်ရက်နိုင်ကြသည့် ကမ္ဘာကြီးနှင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးကြသည့် အနည်းစုသော လူသားတချို့တွေကသာ ကမ္ဘာကြီးကို ကုသဖို့၊ ကယ်တင်ဖို့၊ သက်တမ်းစေ့ ကြာမြင့်အောင် ထိန်းထားနိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြသည်။ ကမ္ဘာကြီးမထိခိုက်အောင် မိမိကိုယ်တိုင် နည်းစနစ်မှန်မှန် ကျင့်သုံးနေထိုင်ကာ အများသူငှာလည်း နည်းစနစ်မှန်မှန် ကျင့်သုံးနေထိုင်တက်စေရန်နှင့် စွမ်းအားရှိသ၍ တက်နိုင်သည့်ဘက်က ကြိုးပမ်းဆောင်ရွက်ကြရန် အသိပညာပေး ဟောပြော၊ ရေးသား လှုံဆော် တိုက်တွန်းမှုများကို ပြုလုပ်ဆောင်ရွက်နေကြသည်။

ကမ္ဘာကြီးနာလန်ပြန်ထဖို့ဆိုလျှင် အရေးပါသော အကြောင်းအရာများစွာရှိသည့်အထဲမှာမှ အကြောင်းအရာတစ်ခုဖြစ်သည့် လူသားတွေ မရောက်မီကပင် ပေါက်နှင့်ပြီးသားဖြစ်သည့် သစ်ပင် သစ်တောများဖြင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းပေးဖို့နှင့် ကမ္ဘာကြီထိခိုက်စေနိုင်တဲ့အရာများကို စနစ်တစ်ကျ လုပ်ကိုင်ကြဖို့လိုသည်။ သို့မှသာ လေထု၊ ရေထု၊ မြေထုများ ဟန်ချက်ညီကာ ကမ္ဘာကြီး ပူနွေး ညစ်ညမ်းမှုတွေ လျော့နည်းကျဆင်းလာမည်။ ကမ္ဘာမြေကြီး စိမ်းလန်းသာယာပါမှ ကမ္ဘာကြီးကို မှီခိုနေထိုင်လျှက်ရှိကြသည့် သတ္တဝါများအားလုံး အေးအေးချမ်းချမ်းအသက်ရှင် နေထိုင်ရပ်တည်နိုင်ကြမည် ဖြစ်သည်။ ထိုအချက်ကို လေးလေးနက်နက်သိရှိကြသည့် သူများကတော့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေရေးကို တစ်ဦးတစ်ယောက်ချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့၊ အသင်းအဖွဲ့နှင့်သော်လည်းကောင်း ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

ယခုအချိန်မှာရှိနေကြသည့် လူနှင့် သက်ရှိသတ္တဝါများအားလုံးတို့ဟာ
ဆယ်စုနှစ်​တွေအတွင်းမှာပဲ ဤကမ္ဘာမြေပေါ်မှ နှုတ်ဆက်ထွက်ခွာကြရမည်။ ဤကမ္ဘာကြီကိုတော့ မျိုးဆက်သစ်များလက်ထဲသို့ အကောင်းအတိုင်း ပေးထားခဲ့ချင်သည်။ ပျက်စီးယိုယွင်းနေသည့်ကမ္ဘာကြီးကို မျိုးဆက်သစ်များ၏လက်ထဲသို့ မျက်နှာလွှဲခဲပစ် ထားခဲ့မည်ဆိုလျှင် နောင်မျိုးဆက်သစ်လူသားများနှင့် သက်ရှိသတ္တဝါများ အသက်ရှင်သန်ရပ်တည်ရန် ခက်ခဲသွားကြမည်။ 

သို့ဖြစ်၍ မိမိကြောင့် ကမ္ဘာကြီးမထိခိုက် မပျက်စီးစေဘဲ ထိုက်သင့်သလောက် ကမ္ဘာကြီးကို ကျေးဇူးပြန်ဆပ်ခဲ့ကြဖို့လိုမည်။ ကျေးဇူရှိခဲ့သည်အပေါ် ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာဟာလည် "ကတညုတာမင်္ဂလာ”တစ်ပါဖြစ်သည်။ ထိုကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် စွမ်းနိုင်သမျှ ဆောင်ရွက်ကြပါစို့လားခင်ဗျာ။

သက်တန့်​ကျော်(ဧရာဝတီလမင်း)
5.6.2020

Post a Comment

0 Comments