လူမုန်းတာပုန်းလို့ရတယ် ကံမုန်းရင်ပုန်းလို့မရဘူး

 ကမ္ဘာမှာကိုဗစ်စဖြစ်တော့ မြန်မာကို တော်တော်ကြာကြာနဲ့ ရောက်မလာသေးတော့ ဝမ်းသာရတယ်။ ရောက်မလာပါစေနဲ့ပေါ့


ဒါပေမဲ့ မရောက်လာစေလိုသော်လည်း ရောက်လာခဲ့တယ်။


ရောက်လာပြန်တော့လည်း ရောဂါမပြန့်ပါစေနဲ့ ထိန်းချုပ်နိုင်ပါစေပေါ့။

ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဝမ်းသာရတာပေါ့  


ဒါပေမဲ့လည်း အားလုံးမေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ အရင်လို သွားမြဲလာမြဲ ပြန်ဖြစ်သွားတဲ့အချိန်မှာတော့ အလစ်နဲ့ ရခိုင်မှာဝင်မွှေခဲ့တယ်။ အဲ့ဒိလို အငိုက်မိသွားချိန်မှာတော့ ကိုဗစ်ကို အစကနေပြန်ကြောက်ပြီး ယောက်ယက်ခက်ကုန်တယ်။ ရခိုင်မှာကနေ တခြားပြည်နယ်လေးတွေကို နည်းနည်းချင်းကူစပ်လာတယ်။ မမျော်လင့်ပဲ ရန်ကုန်မှာ ဗုံးပေါက်ကွဲသလို အစုလိုက်အပြုံလိုက် ပေါက်ကွဲထွက်လာတယ်။ ကိုယ့်တိုင်းထဲကို မရောက်ပါစေနဲ့ပေါ့။


ဒါပေမဲ့လည်း မမျော်လင့်ဘဲ ရောက်ချလာတယ်။ 

ရောက်လာပြန်တော့လည်း ကိုယ့်မြို့နယ် မပါပါစေနဲ့ပေါ့။


မရပြန်ဘူး ရောက်လာပြန်တယ်။ ကိုယ့်မြို့နယ်ထဲရောက်လာတော့လည်း ကိုယ်နဲ့မနီးပါစေနဲ့ပေါ့။


မရပါဘူး တဖြည်းဖြည်းနီးသထက်နီးလာတယ်။


ဟာသလေးတစ်ခုလို့ "ထီပေါက်ပါစေလို့ဆုတောင်းတာ ထီမပေါက်ဘူးကွာ အဲ့ဒါနဲ့ တမျိုးပြန်ဆုတောင်းတယ် အဲ့ဒီမှာဆုတောင်းပြည့်တာပဲ”တဲ့ 


"ဘယ်လိုဆုတောင်းတာလဲ”လို့ တယောက်ကပြန်မေးတော့ "ထီမပေါက်ပါစေနဲ့လို့ပြန်ဆုတောင်းတာ ဆုတောင်းပြည့်တယ် ထီမပေါက်ဘူး”တဲ့😁😁

အဲ့လိုဖြစ်နေပြီ


အခုတော့ ကိုယ့်အိမ်ပေါ်မတက်လာပါစေနဲ့ပေါ့

ဆုတောင်းပြည့်ပါ့မလား

ကိုဗစ်တံခါးဘယ်ချိန်လာခေါက်မလဲလို့ ရင်တထိတ်ထိတ်ပေါ့ 


ကိုယ့်ဘက်ကတော့ အတက်နိုင်ဆုံးကာကွယ်ရမှာပေါ့


အခုကျန်းမာရေးဝန်ကြီးဌာနရဲ့ကြေညာချက်တွေမှာ ခရီးသွားရာဇဝင်မရှိဘူး ပိုးတွေ့လူနာနဲ့ ထိစပ်ခဲ့ခြင်းမရှိပဲနဲ့ ရောဂါပိုးတွေ့ရှိနေရသတဲ့။ အတော်ကျယ်ပြန့်တဲ့စဥ်းစားစရာပဲ။


အဲ့ဒါကြောင့် လူမုန်းရင်ပုန်းလို့ရတယ် ကံမုန်းရင်ပုန်းလို့မရဘူးတဲ့ သိပ်မှန်တာပဲ


ကံကို ကောင်းသထက်ကောင်းအောင် ပြုပြင်ကြဖို့ပဲ လိုတော့တယ်။


Thet Tant Kyaw (ဧရာဝတီ)

25.9.2020



Post a Comment

0 Comments